CSR (Myanmar Version)

Elle vise aussi à soigner, rééduquer, réinsérer. L'Assurance Maladie mène ainsi une véritable politique de gestion du risque. Nos valeursLa solidarité et cialis cialis pas cher l'égalité d'accès aux soins sont les valeurs fondatrices de l'Assurance Maladie.

Corporate Social Initiative

လူမှုစီးပွားဆောင်ရွက်မှု

“သဒ္ဒါထက်သန် မြန်မာ့အားမာန်၊ ကမ္ဘောဇဘဏ်” ဟူသည့် ဆောင်ပုဒ်အတိုင်း ကမ္ဘောဇဘဏ်သည် မြန်မာနိုင်ငံတွင် ယုံကြည်စိတ်အချရဆုံး၊ အားအထားရဆုံး၊ နေရာအနှံ့အပြားတွင် အလွယ်တကူ ခြိတ်ဆက်၍ အသုံးပြုနိုင်ဆုံး ဘဏ်ဖြစ်ယုံမျှမက၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ဘာသာရေးဆိုင်ရာများတွင် ဘက်ပေါင်းစုံ ဆောင်ရွက်နေသော အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ ကမ္ဘောဇဘဏ်သည် ငွေကြေးအမြတ်အစွန်း တစ်ခုထဲကိုသာ မျှော်ကိုးသည့် အဖွဲ့အစည်းမဟုတ်ပဲ၊ လူမှုဝန်းကျင်အား အကျိုးပြုစေမည့် လူမှုစီးပွား ဆောင်ရွက်မှုများအတွက် ဋ္ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့်သာမက၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အတူ ပူးပေါင်းဆောင်ရွက်လျှက်ရှိပြီး၊ လူ့ဘောင်လောကနှင့် လူမှုဝန်းကျင်ကို ကောင်းကျိုးပြုစေနိုင်ရန်အတွက် ဆောင်ရွက်နေသော အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ကမ္ဘောဇဘဏ်သည် လိုအပ်သည့်နေရာများအတွက် ငွေကြေးများ လှူဒါန်းမှုယုံမျှမက၊ လူမှုဝန်းကျင်ကို ပိုမို၍ အထောက်အကူ ပြုစေနိုင်ရန်အလို့ငှာ မြန်မာပြည်သူ များအတွက် မရှိမဖြစ်လိုအပ်သော အလုပ်အကိုင်နေရာများပေးခြင်း၊ နိုင်ငံတော်ဘဏ္ဍာငွေအတွက် အခွန်အခများ မှန်ကန်စွာ ထမ်းဆောင်ခြင်း၊ မိမိဋ္ဌာနအတွင်း အကျင့်ပျက် ခြစားမှုများကို တိုက်ဖျက်ခြင်း၊ အဖွဲ့အစည်းအတွင်း ပွင့်လင်းမြင်သာမှု ရှိစေခြင်း၊ လူ့အခွင့်အရေးကို ကာကွယ်ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းစောင့်ရှောက်ခြင်း လုပ်ငန်းများ၌ပါ ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက် လုပ်ကိုင်လျှက်ရှိပါသည်။ ထို့အပြင် ကမ္ဘောဇဘဏ်လီမိတက်သည် United Nations Global Compact (UNGC) ၏ အဖွဲ့ဝင် ကုမ္ပဏီတစ်ခုဖြစ်ပြီး၊ UNGC ၏ လုပ်ထုံးလုပ်နည်း (၁၀)ချက်နှင့်အတူ ဘဏ်လုပ်ငန်းဆိုင်ရာ စီးပွားရေးနှင့် နည်းဗျူဟာများအရ လိုက်နာဆောင်ရွက်လျှက်ရှိပါသည်။ ကမ္ဘောဇဘဏ်သည် နိုင်ငံတော်အစိုးရသစ်လက်ထက် ၂၀၁၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်၊ ငါးနှစ်တာ သက်တမ်း ကာလအတွင်း ငွေကျပ်စုစုပေါင်း (၆၃) ဘီလီယံကို နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးမှုအတွက် ရင်းနှီးမြုပ်နှံခဲ့ပြီး ဖြစ်ပါသည်။

အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း

Brighter Future Myanmar Foundation

အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း၏ ဒါရိုက်တာဘုတ်အဖွဲ့

·         ဦးအောင်ကိုဝင်း                နာယက

·         ဒေါ်နန်းသန်းထွေး             နာယက

·         ဒေါ်နန်းလိုင်းခမ်း               ဥက္ကဋ္ဌ

·         ဒေါ်နန်းခမ်းနောင့်              ဒု-ဥက္ကဋ္ဌ

·         ဒေါ်ခိုင်မာထွေး                 အတွင်းရေးမှူး

·         ဦးနေမျိုးအောင်                စာရင်းစစ်

·         ဒေါ်စန္ဒာထွန်း                   ဘဏ္ဍာရေးမှူး

·         ဒေါ်မြစန္ဒာ                       အဖွဲ့ဝင်

·         ဒေါ်ခင်မြင့်ဝေ                   အဖွဲ့ဝင်

·         ဦးကျော်စွာမြင့်                  အဖွဲ့ဝင်

 “အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း” ၏ ပူးတွဲတည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သူ  ဒေါ်နန်းလိုင်းခမ်းသည် ၂၀၁၃-၂၀၁၄ ခုနှစ်၊ နိုင်ငံတော်အတွင်း လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများအား အကောင်းဆုံးနှင့် အထိရောက်ဆုံး စွမ်းဆောင်နိုင်ခဲ့သဖြင့်၊ “အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း” အား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ “နိုင်ငံတော်နှင့် ပြည်သူတို့၏  အကောင်းဆုံးလူမှုရေး အသင်းအဖွဲ့ဆု” အဖြစ် ပေးအပ်ခဲ့သည်။

၂၀၀၈ ခုနှစ်တွင် ကမ္ဘောဇဘဏ်လီမိတက်သည် ၂၀၁၄ ခုနှစ်အတွက် လူမှုစီးပွားအကျိုးပြုလုပ်ငန်း ထူးချွန်ဆု ရရှိခဲ့သည့် “အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း” ကို ဖွဲ့စည်းထူထောင်ခဲ့သည်။ “အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်း” တည်ထောင်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ဖွံ့ဖြိုးမှုနည်းပါးသော လူမှုဝန်းကျင်များမှ ပြည်သူများ၏ လူနေမှုဘ၀အဆင့်အတန်းအား မြှင့်တင်ရန်နှင့်၊ ဆင်းရဲနွမ်းပါးမှုပပျောက်စေရေးအတွက် ရေရှည် လူမှုရေးလုပ်ငန်းစဉ်များအား အောက်ပါအတိုင်း လုပ်ငန်းစဉ် (၅)ရပ် စနစ်တကျချမှတ်ပြီး ဆောင်ရွက်ခဲ့ပါသည်။

၁။ သဘာဝဘေးအန္တရာယ်ကျရောက်ခံရပါက အချိန်နှင့်တပြေးညီ ကာကွယ်စောင့်ရှောက်ပေးခြင်း၊

၂။ အမျိုးသမီးများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပညာပေးခြင်းနှင့် စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း။

၃။ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေလာစေရန် ဆောင်ရွက်ခြင်း။

၎။ လူငယ်များအတွက် ပညာရေးပံ့ပိုးရန် လိုအပ်သည်များကို ဆောင်ရွက်ပေးခြင်း၊

၅။ လူမှုဝန်းကျင် ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ခြင်း။

(၁) သဘာဝဘေးအန္တရာယ်ကျရောက်ခံရပါက အချိန်နှင့်တပြေးညီ ကာကွယ်စောင့်ရှောက်ပေးခြင်း၊

“အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း” သည် နိုင်ငံတစ်နိုင်ငံလုံးအနေဖြင့် နာဂစ်လေမုန်တိုင်း ဘေး ကျရောက်ခြင်းခံခဲ့ရချိန်တွင် ရေဘေးဒုက္ခသည်များအား အမြန်ဆုံးတိုက်ရိုက်ကူညီ ကယ်ဆယ်ပံ့ပိုးနိုင် စတင်လှုပ်ရှားရင်း စတင်အခြေပြုခဲ့သည်။  ၂၀၀၈ ခုနှစ်၊ မေလတွင် မြန်မာနိုင်ငံတွင်း တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းသည် အပြင်းထန်ဆုံးနှင့် ဆုံးရှုံးမှုအများဆုံး ဖြစ်ခဲ့သည်။ နာဂစ်မုန်တိုင်းဘေး တွေ့ကြုံခဲ့ရသော ဒုက္ခသည်များအား အမြန်ဆုံးတိုက်ရိုက် ကူညီကယ်ဆယ် ပံ့ပိုးနိုင်ရန်အတွက် “အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်း” သည် လေဘေးသင့်ဒေသများသို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်ကာ ဆရာဝန်များ၊ သူနာပြုများ၊ ဆေးဝါးများ၊ အစားအသောက်များ၊ အ၀တ်အထည်များ၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ယုံ မျှမက နောင်တစ်ချိန် လေမုန်တိုင်းကျ ရောက်ပါက မည်သို့ ကြိုတင်ကာကွယ်နိုင်မည်ဆိုသည့် နည်းလမ်းများ ကိုလည်း အသိပညာပေးခဲ့ပါသည်။ ထို့ပြင် လိုအပ်သည့် အခြေခံစားသောက်ကုန်များ၊ ဆေးဝါး၊ အ၀တ် အထည်များ၊ လှူဒါန်းခြင်းတို့အပြင် လူနေအိမ်အလုံး (၁,၀၀၀)ကိုလည်း ငွေကြေးအကုန်အကျခံကာ လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်။

(၂) အမျိုးသမီးများအတွက် ကျန်းမာရေး စောင့်ရှောက်မှုပညာပေးခြင်းနှင့် စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း။

အခြေခံလူတန်းစားများ၏ ဘဝမြင့်မားလာစေရန် ရည်ရွယ်၍လည်းကောင်း၊ ဆင်းရဲမှုပပျောက်စေရေး အတွက်လည်းကောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ် လိုအပ်သော အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖြစ်ထွန်းလာစေရန် ရည်ရွယ်၍ အသေးစားငွေရေးကြေးရေးလုပ်ငန်း (Microfinance) အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်နှင့် တိုက်ကြီးမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာ မြို့နယ်၊ ကျောက်တန်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ စုစုပေါင်း(၂၀၀)ကျော်တွင် အသင်းသား (၆,၁၃၀) ကျော်အား အသေးစားငွေရေးကြေးရေးလုပ်ငန်းစသည့် လူမှုရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပါသည်။

ထို့ပြင် ရှမ်းပြည်နယ် ကလောမြို့နယ်နှင့် ပင်းတယမြို့နယ်များရှိ အမျိုးသမီးများအတွက် အသေးစား ကိုယ်ပိုင်လုပ်ငန်း (၄,၂၀၀) ကျော်ကို လုပ်ကိုင်နိုင်ရန်အတွက် ချေးငွေများကိုလည်း ဖောင်ဒေးရှင်းမှ ထုတ်ချေးပေးခဲ့ပြီး ဖြစ်ပါသည်။

ပထမနှစ်တွင် ကိုယ်ပိုင်လုပ်ငန်းငယ်များ လုပ်ကိုင်နိုင်ရန်အတွက် ဖောင်ဒေးရှင်းမှ တစ်ဦးလျှင် ပျမ်းမျှ ကျပ် (၁) သိန်းစီကို အတိုးမဲ့ထုတ်ချေးပေးခဲ့သည်။ ၄င်းနောက်ပိုင်း ပထမ(၆)လအတွင်း ထပ်မံ၍ တစ်ဦးလျှင် ကျပ် (၅)သောင်းစီ တိုးမြှင့် ထုတ်ချေးပေးခဲ့ပြီး (၁၂)လအတွင်း ချေးငွေများကို ဖောင်ဒေးရှင်းသို့ အချိန်မီ ပြန်လည်ပေးသွင်းနိုင်ခဲ့လျှင်၊ ဒုတိယနှစ်တွင် ငွေကျပ် (၂)သိန်းအထိ တိုးမြှင့်ထုတ်ချေး ပေးလျှက်ရှိသည်။ “အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်း” အနေဖြင့် ချေးငှားသူများ၏ လုပ်ငန်းအရွယ်အစားပေါ် မူတည်၍ လာမည့် တတိယနှစ်တွင် ငွေကျပ်(၅)သိန်းစီအထိ ထပ်မံတိုးမြှင့်ထုတ်ချေးနိုင်ရန်အတွက် လုပ်ငန်းစဉ်များကို ချမှတ်ရေးဆွဲထားပြီးဖြစ်ပါသည်။

  “အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်း” သည် ဒေသခံအမျိုးသမီးများအား လုပ်ငန်းများ အဆင့်မီ တွင်ကျယ်စွာ ဆောင်ရွက်နိုင်ရန် ကွန်ပျူတာနည်းပညာများ သင်တန်းများ၊ ငွေကြေးချေးငှားခြင်းဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းများ၊  ခေါင်းဆောင်ပိုင်ဆိုင်ရာ အရည်အသွေးမြှင့်သင်တန်းများ ပို့ချပေးခဲ့ပါသည်။

 

 

 

 

 “အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်း” သည် ရန်ကုန်မြို့ဆင်ခြေဖုံးနှင့် နယ်မြို့များရှိ အမျိုးသမီးဦးရေ ခန့်မှန်းခြေ (၁၈၀၀)ယောက်ကို တကိုယ်ရည်သန့်ရှင်းရေးအတွက် ကျန်းမာရေးအသိပညာပေးသည့်အနေဖြင့် အမျိုးသမီး လစဉ်သုံးပစ္စည်းများ အခမဲ့ဝေငှနိုင်ခဲ့ပြီး၊ အမျိုးသမီးများအား ကျန်းမာရေးနှင့် ပတ်သက်သည့် အသိပညာပေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျှက်ပါသည်။

Women’s Forum Myanmar-ASEAN 2014

၂၀၁၄ ခုနှစ်တွင် နေပြည်တော်၌ ကျင်းပခဲ့သော Women’s Forum Myanmar-ASEAN 2014 ကျင်းပနေစဉ်အတွင်း လူမှုရေးနှင့်စီးပွားရေးကဏ္ဍများ၊ နိုင်ငံရေးနှင့် ဥပဒေရေးရာနယ်ပယ်များတွင်  အမျိုးသမီး များ၏ ခေါင်းဆောင်မှုကဏ္ဍနှင့် ဆုံးဖြတ်ချက်ချနိုင်မှု အခြေအနေများအတွက် ထိရောက်စွာ တွန်းအားပေးနိုင်ခဲ့ပြီး၊ ထိုဆွေးနွေးပွဲတွင် စီးပွားရေး၊ နိုင်ငံရေး၊ ဥပဒေရေးရာများတွင် တာဝန်ထမ်းဆောင်နေသော အမျိုးသမီးများ၊ အမျိုးသမီးခေါင်းဆောင်များသာမက အိမ်ထောင်ရှင်မများ၊ သက်ကြီးရွယ်အိုအမျိုးသမီးများအတွက်ပါ နား၊ မျက်စိ ပွင့်စေသော ဆွေးနွေးပွဲတစ်ခု ဖြစ်ခဲ့သည်။

ထို Forum က အမျိုးသမီးများ၏ အခွင့်အရေးအတွက် အမြန်ဆုံး ပြုပြင်ပြောင်းလဲ လုပ်ဆောင်နိုင်စေရန် လမ်းစဖွင့်ပေးနိုင်ခဲ့သည်။ ထိုသို့သော ပြောင်းလဲမှုများကို ရည်မှန်း၍ ကမ္ဘောဇဘဏ်လီမိတက်၏ “အနာဂတ် အလင်းတန်းမြန်မာဖောင်ဒေးရှင်း” သည် “Women’s Forum Myanmar-ASEAN” ဖြစ်မြောက်ရေး အတွက် ဂုဏ်ယူဝမ်းမြောက်စွာ တစ်တပ်တစ်အား ပံ့ပိုးပါဝင်ဖြစ်ခဲ့သည်။ ထို Forumတွင် စီးပွားရေးနယ်ပယ်နှင့် အခြားနယ်ပယ်အသီးသီးမှ အမျိုးသမီးအုပ်ချုပ်မှုဒါရိုက်တာများနှင့် အမျိုးသမီးတတ်သိပညာရှင်များသည် မြန်မာအမျိုးသမီးများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များအတွက် ကိုယ်တိုင်ကိုယ်ကျ အသီးသီး ပါဝင်ဆွေးနွေး ခဲ့ကြသည်။ ၄င်း Forum တွင်လည်း ကမ္ဘောဇဘဏ်၏ အမျိုးသမီးအရာရှိများက အသီးသီးပါဝင် ဆွေးနွေးခဲ့ကြ သည်။ ယခုအခါ ကမ္ဘောဇဘဏ်၏ ၀န်ထမ်းစုစုပေါင်းမှ (၆၅)ရာခိုင်နှုန်းသည် အမျိုးသမီး ၀န်ထမ်းများ ဖြစ်ကြပြီး၊ ၄င်းတို့သည် ၂၀၀၉ ခုနှစ် ကာလများက ကမ္ဘောဇဘဏ်တွင် အကြီးတန်းစီမံခန့်ခွဲမှုအပိုင်း၌ ဦးရေ (၂၇) ရာခိုင်နှုန်းမျှသာ တာဝန်ထမ်းဆောင်နိုင်ခဲ့ကြပြီး၊ ၂၀၁၄ ခုနှစ်တွင်မူ (၅၀) ရာခိုင်နှုန်းအထိ ဦးရေတိုးမြှင့်ကာ တာဝန်ယူဆောင်ရွက်လျှက်ရှိနေသည်ကို ဂုဏ်ယူစဖွယ် တွေ့ရ၏။

(၃) ပတ်ဝန်းကျင် စိမ်းလန်းစိုပြေလာစေရန် ဆောင်ရွက်ခြင်း။

 ကမ္ဘောဇအုပ်စုအုပ်စုလီမိတက်နှင့် “အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်း” ၏ အဖွဲ့ဝင်များသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးအတွက် သစ်ပင်မျိုးစေ့များချ၍ စိုက်ပျိုးခြင်းနှင့် ပင်လယ်ကမ်းခြေသန့်ရှင်းရေးအတွက် လှုပ်ရှားမှုများကို စုပေါင်းဆောင် ရွက်ခဲ့ကြပါသည်။

(၄) လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရေးအတွက် ပံ့ပိုးဆောင်ရွက်ပေးခြင်း။

“အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း” သည် တိုင်းပြည်အတွင်းရှိ ထူးချွန်ထက်မြက်သည့် ကျောင်းသားများအား သာသာလူမျိုးမခွဲခြားပဲ ပညာသင်ဆုများ ထောက်ပံ့ပေးလျှက်ရှိသည်။ ၁၉၉၉ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း သူနာပြုတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ ရေကြောင်းပညာတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်၊ ဆေးတက္ကသိုလ်၊ ၀ိဇ္ဖာသိပ္ပံတက္ကသိုလ်နှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်တို့မှ ကျောင်းသားကျောင်းသူ 

(၄၅၀) ယောက်အား ဘွဲ့ရယူ စေသည့် အပြင်၊ ပါရဂူဘွဲ့ရယူနိုင်သည်အထိ ကမ္ဘောဇပညာသင်ဆုအဖြစ် ထောက်ပံ့ပေးအပ်ခဲ့သည်

“အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်း”သည် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်သော ကျောင်းသား/ကျောင်းသူများအား Myanmar-Japan Association (MJA)  ၏ အစီအစဉ် နှင့်ပူးတွဲကာ အတွေ့အကြုံများ ဖလှယ်ရန် ဂျပန်နိုင်ငံသို့ ပညာသင်စေလွှတ်လျှက် ရှိသည်။ ကမ္ဘောဇဘဏ်၏ ဥက္ကဋ္ဌဦးအောင်ကိုဝင်းသည် MJA  ၏ နာယကတစ်ဦးလည်း ဖြစ်သည်။ “အနာဂတ် အလင်းတန်း မြန်မာဖောင်ဒေးရှင်း” သည် ၂၀၁၃-၂၀၁၄ ခုနှစ် စာသင်နှစ်တွင် ဂျပန်နိုင်ငံသို့ ကျောင်းသား/သူ အယောက်(၂၀) စေလွှတ်ခဲ့ပြီး၊ ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ထိုထက်ပို၍ စေလွှတ်နိုင်ရန် စီစဉ်လျှက် ရှိသည်။ ထိုကျောင်းသား/သူ များအား သက်ဆိုင်ရာဒေသရှိ အထက်တန်းကျောင်းများမှ အစိုးရစာမေးပွဲများတွင် အမှတ်အများဆုံးဖြင့် အောင်မြင်ခဲ့သူများကို ရွေးချယ်စစ်ဆေး၍ စေလွှတ်ခြင်းဖြစ်သည်။ ဤသို့ ကျောင်းသားများ အပြန်အလှန် စေလွှတ်သည့် အစီအစဉ်တွင် ဂျပန်နိုင်ငံရှိ တက္ကသိုလ်များ၊ ပြတိုက်များသာမက ဂျပန်နိုင်ငံမြောက်ပိုင်းသို့ပါ ဒေသန္တရဗဟုသုတရရှိနိုင်စေရန်အတွက် သွားရောက်စေခြင်း ဖြစ်သည်။ နှစ်နိုင်ငံ ကျောင်းသားများ အပြန်အလှန်စေလွှတ်သည့် အစီအစဉ်၏ အဓိကရည်မှန်းချက်မှာ နှစ်နိုင်ငံကြား ရင်းနှီးချစ်ကြည်မှု ပိုမိုမြှင့်တင်ရေး သာမက၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင့်ခဲ့သော ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့် ရန်အတွက် ဖြစ်သည်။

ထို့ပြင် “အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း” ၏ ဥက္ကဋ္ဌဖြစ်သူ ဒေါ်နန်းလိုင်းခမ်းနှင့်အဖွဲ့ဝင်များ သည် ရှမ်းပြည်တောင်ပိုင်းဒေသရှိ အခြေခံပညာကျောင်းများ၌ လိုအပ်သော ကျောင်းသုံးပစ္စည်းများအား ကိုယ်တိုင် ကိုယ်ကျသွားရောက်၍ လှူဒါန်းလျှက် ရှိသည်။ ထို့အပြင် ထိုကျောင်းများ၌ အဖွဲ့အစည်းလိုက် စွမ်းဆောင်ခြင်း၊ သချာင်္ပညာဆိုင်ရာပညာရပ်များနှင့် လူငယ်များဘ၀ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပူးပေါင်း ဆောင်ရွက် လှုပ်ရှားမှုများအား သင်ကြားပြသလျှက် ရှိသည်။

 

 

 

(၅) လူမှုဝန်းကျင်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆောင်ရွက်ခြင်း။

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ (၂၄)ရက်နေ့တွင် လူဦးရေတစ်သောင်း ပူးပေါင်းပါဝင်သော လမ်းလျှောက်+အပြေး+အက လှုပ်ရှားဆောင်ရွက်မှုကြီးဖြစ်သည့်၊ အရှေ့တောင်အာရှနိုင်ငံများတွင် လူမှုရေး လုပ်ငန်းများအတွက် ရည်ရွယ်ကျင်းပနေသော Music Run 2014 ကို ပထမဆုံးအကြိမ်အဖြစ် ကမ္ဘောဇ ဘဏ်လီမိတက်မှ အကုန်အကျခံကာ ရန်ကုန်မြို့တွင် စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ထိုMusic Run အစီအစဉ်အတွက် ကမ္ဘောဇဘဏ်လီမိတက်၏ “အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်း” မှ ၁၀၀% အပြည့်အ၀ အကုန်အကျခံခဲ့ပြီး၊ ထိုမှ ရရှိသောအကျိုးအမြတ်များအားလုံးကို မျက်မမြင်များဖောင်ဒေးရှင်းအတွက် ပြန်လည် လှူဒါန်းခဲ့ပါသည်။ ထိုသို့လှူဒါန်းရာတွင်လည်း ကျွမ်းကျင်သူ ပညာရှင်များ၏ နည်းပညာ အကူအညီကို ရယူကာ မျက်မမြင်များအတွက် ကွန်ပျူတာဆော့ဝဲလ်ဖြင့် စာသားမှအသံစနစ်သို့ ပြောင်းလဲပေးသည့်စနစ်အား ရေးဆွဲ စေပြီး ဆောင်ရွက် လှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါစနစ်ကြောင့် မျက်မမြင်များအနေဖြင့် တစ်ဦးချင်း စာပေများ၊ နည်းပညာများနှင့် အခြားဗဟုသုတများကို စာသားမှတဆင့် အသံစနစ်ဖြင့် မြန်မာဘာသာသို့ ပြောင်းလဲ၍ သိကြားလာနိုင်သောကြောင့် မျက်မမြင်များ၏ ပညာမျက်စိကို အလင်းဖွင့်ပေးနိုင်ခဲ့ပါသည်။

ကမ္ဘောဇဘဏ်လီမိတက်၏ “အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း” နှင့်အတူ တရားဝင် စပွန်ဆာအဖြစ် Dagon City၊ Fortune၊ OK Myanmar၊ Scania၊ Wa Min Company၊ Gionee၊ 100 Plus နှင့် Balance Fitness တို့က ပူးပေါင်းပါဝင် အားဖြည့်ခဲ့ကြသည်။ ဤသို့ကမ္ဘောဇအဖွဲ့ဝင်များနှင့်တကွ အားလုံး၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် Music Run™ ဖြေဖျော်ပွဲကြီးသည် အောင်မြင်မှုများကို ရရှိခဲ့သည်။ ထို့ပြင် Music Run™ တွင် ပူးပေါင်းပါဝင်ခဲ့သူ တစ်ဦးချင်းစီအနေဖြင့် မြန်မာ့လူမှုအသိုင်းအ၀ိုင်းအတွင်း အတူတကွ လက်တွဲဆောင်ရွက်ခြင်းအားဖြင့် စိတ်အားထက်သန်မှု၊ ပျော်ရွှင်မှုများနှင့်အတူ ကမ္ဘာ့အဆင့်မီပွဲများ၌ ပါဝင် ဆင်နွှဲနိုင်ရန် အတွေ့အကြုံကောင်းများပါ ရရှိခဲ့သည်။ ဤ Music Run™ ဖြေဖျော်ပွဲကြီးသည် ဘ၀ တစ်သက်တာအတွက် အမှတ်ရစရာ ပွဲကြီးတစ်ပွဲဖြစ်ခဲ့သကဲ့သို့၊ မြန်မာလူမျိုးများအတွက် နောက်နောင် ဤ Music Run™ ဖြေဖျော်ပွဲကြီးကဲ့သို့သော ကောင်းမွန်သည့် အစီအစဉ်များ ထပ်မံ၍ စီစဉ်နိုင်စေရန်အတွက် အစပျိုးနိုင်ခဲ့ခြင်းပင် ဖြစ်သည်။

သောက်သုံးရေစီမံကိန်း

“ရွှေထက်ရှားသည့် ရေ”

(ဟဲသိမ် ပတ္တမြားတောင် ဆရာတော်အရှင်ကောဝိဒ)

ကမ္ဘောဇဘဏ်လီမိတက်၏ “အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်း” သည် အမေရိကန်ဒေါ်လာ (၂.၄) မီလီယံကျော် အကုန်အကျခံခဲ့ပြီးနောက် ရှမ်းပြည်နယ်တောင်ပိုင်းဒေသများတွင်   ရေသိုလှောင်ကန်ကြီး များ တည်ဆောက်ပေးခြင်း၊ ရေခပ်တိုင်များ စိုက်ထူပေးခြင်း၊ ရေခပ်ကန်ငယ်များ တည်ဆောက်ပေးခြင်း၊ အိမ်တိုင်ရာရောက် ရေပိုက်များဖြင့် ရေသွယ်တန်းပေးခြင်း၊ ရေတင်စက် အင်ဂျင်ဒိုင်နမိုများ တပ်ဆင်ပေးခြင်း၊  အင်ဂျင်ဒိုင်နမိုများ အပိုဆောင်း တပ်ဆင်ထားရှိသည့်အပြင် တစ်နှစ်စာစက်သုံးဆီ လှူဒါန်းပေးခြင်းနှင့် လမ်းများ ဖောက်လုပ်ပေးခြင်းတို့ကိုပါ ပြုလုပ်လှူဒါန်းဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ရှမ်းပြည်နယ် တောင်ပိုင်းဒေသများရှိ ကျေးရွာနေပြည်သူများသည် ဘူမိဗေဒပညာရှင်များ၏ ရေချိုထွက်ရှိနိုင်မှုအလားအလာ နည်းပါးသည်ဟု သုံးသပ်ထားပြီး၊ UNDP အဖွဲ့မှ မြေအောက်ပေ (၃၆၀) အထိ ရေတူးစက်ကြီးများဖြင့် စမ်းသပ်တူးဖော်ခဲ့ သော်လည်း၊ တောင်ပေါ်ဒေသဖြစ်ခြင်း၊ ထုံးကျောက်များ ပေါကြွယ်ဝပြီး သဘာဝအရ မြေအောက်ဂလိုဏ်များ၊ လှိုဏ်ဂူများ ရှိနေခြင်း၊ ဓာတ်သတ္တုကြောများ ရှိနေခြင်းတို့ကြောင့် ရေမရရှိနိုင်ကြောင်း လက်လျှော့ထားရသည့်၊ သောက်ရေသုံးရေ ခက်ခဲမှု၊ သုံးစွဲရန် ရေချိုမရရှိမှု ပြဿနာအား နှစ်ကာလကြာရှည်စွာ တွေ့ကြုံခံစားနေခဲ့ရသည့် ဒေသဖြစ်ခဲ့သည်။ သို့သော်ငြား ယခုအခါတွင်မူ  ကမ္ဘောဇဘဏ်လီမိတက်၏ “အနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း”မှ ဆောင်ရွက်မှုဖြင့် သောက်ရေရရှိရေးစီမံကိန်းကြီး ထမြောက်အောင်မြင်ပြီဖြစ်ရာ ကလော၊ ဘော်ဆိုင်း၊ ဟဲဟိုး၊ ပင်းတယ၊ တောင်ကြီး၊ ဟိုပုန်းနှင့် နန့်စန်အစရှိသည့် ဒေသတွင်း(၁၆)ရပ်ကွက်၌ ရေချို စက်ရေတွင်းများ အောင်မြင်စွာ တူးဖော်နိုင်ခဲ့ပြီ ဖြစ်သည်။ ထို့ပြင် ယခုအခါ ဘုန်းကြီးကျောင်း (၁၄)ကျောင်း၊ ဆေးရုံ(၁)ရုံ၊ စာသင်ကျောင်း (၁၉)ကျောင်း အပါအ၀င်၊ ကျေးရွာ (၃၀) သည် သောက်ရေချိုများ သောက်သုံးနိုင် ပြီဖြစ်၍ ဤသောက်သုံးရေစီမံကိန်းကြီးသည် အိမ်ထောင်စုပေါင်း (၆၇၇၁)နှင့် လူဦးရေ (၄)သောင်း၊ ရပ်ကွက်(၁၆)ခုနှင့် ကျေးရွာ (၃၀)ကို ထိရောက်စွာ အကျိုးပြုနိုင်ပြီဖြစ်သည်။ ဒေသခံပြည်သူများ ဖြစ်သည့် ဓနု၊ တောင်ရိုး၊ ပအိုဝ်း၊ ရှမ်း၊ ဗမာ၊ ယင်း၊ လီဆူး စသည့် တိုင်းရင်းသားတို့သည် ၄င်းတို့ ခေတ်အဆက်ဆက် မျှော်လင့်တောင့်တခဲ့ရသည့် ရေကောင်းရေသန့်ကို မျက်ဝါးထင်ထင် သုံးစွဲနိုင်ပြီဖြစ်သဖြင့် များစွာဝမ်းမြောက် လျှက် သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ကြပြီ ဖြစ်ပါသည်။ ယခုအခါ စက်ရေတွင်း စုစုပေါင်း (၃၂)တွင်းနှင့်အတူ၊ ရေဘုံဘိုင် (၁၀၈)ခု၊ ရေလှောင်ကန် (၅၁)ကန်ကိုပါ အောင်မြင်စွာ တူးဖော် တပ်ဆင်ပေးနိုင်ခဲ့ပါသည်။

 

 သောက်သုံးရေစီမံကိန်း ဦးစွာစတင်ခဲ့ရာ ရေဘုတ်ရွာသည် မသန့်ရှင်းသော၊ နီကြင်၍ အနံ့အသက် မကောင်းသော ရေများကို ယခင်ကာလက သုံးစွဲခဲ့ရ၏။ ယခုအခါတွင် ၄င်းရေဘုတ်ရွာတွင် အနက် ပေ(၈၀၀)၌ ရေဂါလံ (၂၂၀၀) ထွက်ရှိသော သန့်ရှင်းစင်ကြယ်သည့် PH7အဆင့် ရေချိုရေသန့်များကို ရရှိနေပြီဖြစ်ပါသည်။

 

 

 

 

 

 ကျောက်နီကျေးရွာတွင်လည်း ကမ္ဘောဇဘဏ်သည် (၅၀၀၀) GPHအထိ ရေချိုအမြင့်ဆုံး ထွက်ရှိအောင် ဆောင်ရွက်နိုင်ခဲ့ပြီး သောက်သုံးရေစီမံကိန်း၏ အမြင့်ဆုံး ရေချိုထွက်နှုန်းဖြစ်ခဲ့သည်။ ယခင်က (၆)ကြိမ်တိုင် ကြိုးစားခဲ့သော်လည်း ရေချိုမထွက်ပဲ ရှိနေခဲ့ရာမှ၊ ယခုအခါ သန့်ရှင်းစင်ကြယ်သော သောက်သုံးရေများကို သုံးစွဲခွင့်ရနေပြီ ဖြစ်သည်။

 

 

 

 

Graph of the tube-wells

     

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ဒေသခံများ၏ ရင်တွင်းစကား

((စက်ရေတွင်း လည်ပတ်မောင်းနှင်ရန် တာဝန်ယူထားသူ ဒေသခံဦးကြီး ဦးငြိမ်းမောင်))

  “ ကလောမြို့နယ်၊ ရေဘုတ်ကျေးရွာက အိမ်ခြေ (၈၁)အိမ်ရှိပြီး၊ လူဦးရေ (၃၈၀)ကျော် နေထိုင်ပါတယ်၊ ရွာသူရွာသားများက တောင်ယာလယ်လုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုပြီး၊ အာလူးကို အဓိကထား စိုက်ပျိုး ပါတယ်၊ အရင်က သောက်ရေရဖို့ (၁)မိုင်ကျော်ဝေးတဲ့ ရေကန်မှာ ရေသွားသယ်ရတယ်၊ ရေအရောင်ကလဲ အနီရောင်သန်းနေပါတယ်၊ ရွေးချယ်စရာမရှိတော့ ဒီရေနီနီတွေကိုပဲ သောက်သုံးရပါတယ်၊ အခုတော့ သန့်ရှင်းစင်ကြယ်တဲ့ ရေကောင်းရေသန့်ကို အသုံးပြုလာနိုင်ပြီမို့ ဒေသရဲ့ စိုက်ပျိုးရေးကို အဓိက အထောက်အပံ့ ပြုနိုင်တော့မယ်၊ အခု ရေဘုတ်ရွာမှာ စက်ရေတွင်း (၁)တွင်းနဲ့ ရေတိုင် (၃)ခုရှိနေပါပြီ၊ ဒီရွာမှာ နေထိုင်ခဲ့တဲ့ သက်တမ်းတလျှောက် ပထမဦးဆုံး ရေကောင်းရေသန့် သုံးနိုင်ပြီမို့ အင်မတန် ကျေးဇူးတင် ၀မ်းသာရပါတယ် ”

((ဘော်ဆိုင်း ဒေသမှ (၇)တန်း ကျောင်းသူလေး မစုအင်ကြင်း))

“သမီးက အိမ်မှာ မောင်နှမ(၃)ယောက်မှာ အကြီးဆုံးပါ။ သမီးတို့ အိမ်အတွက် တစ်နေ့ ၃ကြိမ်ရေခပ်မှ ရေသုံးဖို့ လုံလောက်ပါတယ်။ အရင်က အောက်ဘက်က ရေကန်မှာ သွားခပ်ရပါတယ်၊ တစ်ကြိမ်ခပ်ရင် နာရီဝက် လောက်ကြာပါတယ်။ အိမ်အတွက် ထမင်းချက်၊ ရေခပ်၊ မောင်လေးတွေကိုပါ စာသင်ပေးရပါတယ်။ သမီးက အိမ်အလုပ်တွေ ကူလုပ်ရတော့ စာကို ညကျမှ ကျက်နိုင်ပါတယ်။ အခု အိမ်ကနေ ရေတွင်းအထိ ရေလာခပ်ချိန်က (၅)မိနစ်ပဲ ကြာတော့တဲ့အတွက်  အချိန်ကုန် သက်သာသွားပြီး စာကျက်ဖို့ အချိန်ပိုတွေ ပိုရလာပါတယ် ”

 ((ဘော်ဆိုင်းဒေသ၊ မီးသတ်ဋ္ဌာနမှာ တာဝန်ထမ်းဆောင်နေသည့် မီးသတ်တပ်သား ကိုစိုးသူရ))

“ အခုလေးတင်ပဲ သစ်ရွက်ခြောက်ကြွေတွေကနေ မီးလောင်နေလို့ သွားငြိမ်းသတ်ခဲ့တာပါ၊ မီးသတ်ဋ္ဌာနနဲ့ ဘေး အနီဆုံးမှာ စက်ရေတွင်း၊ ရေဘုံဘိုင်၊ လှောင်ကန်ရှိနေပြီမို့ အရေးအကြောင်း မီးဘေးကြုံလာခဲ့ရင်တောင် နိုင်နိုင်နင်းနင်း ငြိမ်းသတ်နိုင်ပါပြီ။ ခုန မီးသွားငြိမ်းတုန်းကလဲ အဲ့ဒီအိမ်နားမှာ ရေဘုံဘိုင်ရှိခဲ့လို့ ငြိမ်းသတ်ရာမှာ အင်မတန် အဆင်ပြေခဲ့ပါတယ်၊ ဘယ်သူ့ကိုမှ မီးဘေးအန္တရာယ် မတွေ့ကြုံစေချင်ပါဘူး၊ အခုတော့ အရေးကြုံလို့ ဒေသမှာ မီးလောင်မှုဖြစ်ပွားခဲ့ရင်တောင် ရေလှောင်ကန်တွေ၊ ရေဘုံဘိုင်တွေ၊ စက်ရေတွင်းတွေ ကနေ ၂၄နာရီ ရေရနေပြီဖြစ်တဲ့အတွက် မီးငြိမ်းသတ်ရာမှာ များစွာ အထောက်အကူ ဖြစ်လာမယ်လို့ ထင်ပါတယ်၊”

 

((ဘော်ဆိုင်းဒေသ၊ ကျေးလက်ကျန်းမာရေးဋ္ဌာနမှကြီးကြပ်ရေးမှူး အဆင့်(၂) ဦးသိန်းမြင့် ))

“ယခင်တုန်းက ဒီဘော်ဆိုင်းဒေသမှာ ရေရှားတော့ သန့်ရှင်းတဲ့ ရေမသောက်နိုင်တဲ့အခါ ၀မ်းလျှောဝမ်းပျက် ၀မ်းကိုက်ရောဂါ ဖြစ်တာမျိုး၊ ဆီးလမ်းကြောင်း ပိုးဝင်တဲ့ ရောဂါမျိုး၊ အရည်ပြားမှာ ဖြစ်တတ်တဲ့ ပွေး၊ ၀ဲ၊ ညှင်း စတဲ့ အရေပြားရောဂါမျိုးတွေ ဖြစ်ကြပါတယ်။ အထူးသဖြင့် အမျိုးသမီးများ မသန့်ရှင်းတဲ့ ရေအသုံးပြုမိလို့ ဆီးလမ်းကြောင်းမှာ ပိုးဝင်ပြီး ဆီးကျဉ်လို့ လာပြကြတာများပါတယ်။  အလားတူပဲ အမျိုးသမီးတွေ မီးဖွားရင်လဲ သန့်ရှင်းတဲ့ ရေသုံးစွဲပြီး မွေးဖွားခွင့် မရခဲ့ကြပါဘူး။ ဒါကြောင့် ရောဂါတွေ အလွယ်တကူဖြစ်ပွားနိုင်ပါတယ်။ အခုလို စက်ရေတွင်းတွေ တူးဖော်လိုက်တော့ ရေကောင်းရေသန့်တွေ သုံးစွဲခွင့်ရလာတာမို့ ဒေသခံပြည်သူများရဲ့ ကျန်းမာရေးအတွက် အများကြီး အကျိုးသက်ရောက်မှုရှိလာစေပါတယ်။”

 

 

 

 

“အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း”၏ လူမှုတာဝန်သိတတ်မှုနှင့် မြန်မာနိုင်ငံသားများအတွက် အလေးထား၍ ဆောင်ရွက်မှုများ။

အရှေ့အာရှနှင့် ပစိဖိတ်ဒေသများတွင် လူများအား ခေတ်သစ်ကျေးကျွန်များသဖွယ် ခိုင်းစေခံနေရ မှုပေါင်း များစွာရှိနေ၏။ ၂၀၁၅ ခုနှစ် ဇွန်လ (၁၅)ရက်နေ့၌ ထုတ်ပြန်သော ဗွီအိုအေသတင်းဋ္ဌာန၏ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်တွင် အဓမ္မခိုင်းစေခြင်းခံရသူပေါင်း (၂၀.၉) သန်းရှိသည့်အနက် အာရှ-ပစိဖိတ် ဒေသမှ (၁၁.၇) သန်း ပါဝင်နေသည်ဟု သိရသည်။ မြန်မာနိုင်ငံတွင်လည်း ကလေး၊ အမျိုးသမီး၊ အမျိုးသား များသည် စီးပွားရေးအရသော်လည်းကောင်း၊ လိင်မှုကိစ္စများအတွက်သော်လည်းကောင်း၊ ထိုင်းနိုင်ငံ၊ တရုပ်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံနှင့် မကာအိုနိုင်ငံများသို့ နှစ်စဉ် လူကုန်ကူးခြင်း ခံနေကြရ၏။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မလေးရှားနိုင်ငံသို့လည်းကောင်း၊ တရုပ်နိုင်ငံမှ ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံသို့လည်းကောင်း၊ လူကုန်ကူးရန်အတွက် မြန်မာနိုင်ငံသည် ခရီးတထောက်နားရာ နေရာဖြစ်နေသည်ကလည်း အကြောင်းတစ်ရပ် ဖြစ်နေခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဌာနက လူကုန်ကူးမှုနှင့် ပတ်သက်သည့် နှစ်ပတ်လည်အစီရင်ခံစာ ထုတ်ပြန်သည့် ၂၀၀၁ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံသည် Tier 3 အဆိုးဆုံးအဆင့်တွင် သတ်မှတ်ခံခဲ့ရပြီး လွန်ခဲ့သည့် ၃ နှစ်ကမှ Tier 2 စောင့်ကြည့်ခံအဆင့်သို့ တိုးမြှင့်ခြင်းခံခဲ့ရ၏။ မြန်မာနိုင်ငံအပါအဝင် နီပေါလ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားစသည့် အာရှဒေသတွင်း ဆင်းရဲသည့်နိုင်ငံများမှ လူအများသည် လစာ ကောင်းကောင်းရမည်ဆိုသည့် အလိမ်အညာအာမခံချက်များနှင့် အိမ်နီးချင်းနိုင်ငံများရှိ ဂုတ်သွေးစုတ်အမြတ် ထုတ်သည့် အလုပ်ရှင်များထံ ရောင်းစားခံရနေကြရပြီး၊ အလုပ်ရှင်များထံ၌ အကြွေးများစွာဖြင့် နစ်မွန်း နေကြရပြီး၊ အမိတိုင်းပြည်သို့ မပြန်နိုင်ဖြစ်နေကြရ၏။

                       ယခုအခါ လူကုန်ကူးမှုတိုက်ဖျက်ရေး ဆောင်ရွက်မှုများ တိုးတက်လာစေရန်အတွက် မြန်မာ နိုင်ငံအစိုးရက အရှိန်အဟုန်ဖြင့် အားထုတ်ဆောင်ရွက်လျှက် ရှိနေ၏။ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော် အစိုးအရမှ ကြီးမှူးပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ လူဝန်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံ အမျိုးသမီး ရေးရာဖွဲ့ချုပ်တို့နှင့်တကွ အရပ်ဘက်ဆိုင်ရာ လူ့အဖွဲ့အစည်းများကပါ တတ်အားသမျှ ပါဝင်ပူးပေါင်း ဆောင်ရွက် လျှက်ရှိသည်။ ဤသို့ ဆောင်ရွက်ရာတွင် ကမ္ဘောဇဘဏ်လီမိတက်၏ ပူးပေါင်းဆောင်ရွက်မှုများသည်လည်း အထူးထိရောက်သော အခန်းကဏ္ဍများ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့သည်။

                       အင်ဒိုနီးရှားနိုင်ငံ၌ လူကုန်ကူးရောင်းစားခြင်းခံထားရသော မြန်မာရေလုပ်သားဒုက္ခသည် များအား ကမ္ဘောဇဘဏ်လီမိတက်မှ နိုင်ငံ့တာဝန်ကျေပွန်သည့် နိုင်ငံသားတစ်ဦးအနေဖြင့်လည်းကောင်း၊  လူသားချင်း စာနာထောက်ထားသောအားဖြင့် လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံရှိ ဘန်ဂျီနာကျွန်း၊ တူရယ်ကျွန်း၊ ဒိုဘိုကျွန်းများမှ အမိမြန်မာ နိုင်ငံသို့ အမေရိကန်ဒေါ်လာ (၄) သိန်းကျော် အကုန်အကျခံ၍ MAI လေကြောင်းမှ စင်းလုံးငှားလေယာဉ်များဖြင့် လေးကြိမ်တိုင်တိုင် ပြန်လည်ခေါ်ယူခဲ့သည်။ ဤသို့ ခေါ်ယူရာတွင် ၆နာရီကြာခရီးစဉ်ဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ၊ အမ်ဘွန်လေဆိပ်မှ ပထမအကြိမ်အဖြစ် ၁၇.၅.၂၀၁၅ နေ့တွင်  (၁၂၅) ယောက်၊ ၁၈.၅.၂၀၁၅ နေ့တွင် ဒုတိယအကြိမ်အဖြစ် (၁၂၈) ယောက်၊ ၂၂.၅.၂၀၁၅ နေ့တွင် တတိယ အကြိမ်အဖြစ် (၁၂၉) ယောက်နှင့် ၁၀.၆.၂၀၁၅ နေ့၌ စတုတ္ထအကြိမ်အဖြစ် (၁၃၂) ယောက်၊ စုစုပေါင်း (၅၁၄) ယောက်အား အမိမြန်မာနိုင်ငံသို့ အခမဲ့ပြန်လည် ခေါ်ဆောင်ပေးခဲ့ပြီး ဖြစ်သည်။

                        မြန်မာရေလုပ်သားဒုက္ခသည်များသည် မိမိတို့၏ စားဝတ်နေရေးရပ်တည်မှုအတွက် ကြောက်ရွံ့ ပူပန်နေခဲ့ကြရသော်ငြား၊ ယခုကဲ့သို့  အမိမြန်မာပြည်မြေပေါ်သို့ ပြန်လည်ခြေချခွင့်ရသောအခါ  စိတ်ချလုံခြုံမှုများ နှင့်အတူ ၀မ်းမြောက်ခဲ့ကြသည်။ အသက်သုံးဆယ်ဝန်းကျင် အမျိုးသားဒုက္ခသည်တစ်ဦးသည် ကမ္ဘောဇဘဏ် ၀န်ထမ်းများအား  ရင်ဖွင့်စကား ပြောကြားခဲ့ချိန်တွင် ၀မ်းနည်းမှုနှင့် မယုံကြည်နိုင်မှုများသည် ထိုသူ၏ မျက်ဝန်းထဲ တွင် ပြည့်လျှံနေခဲ့၏။ “ကျွန်တော့်အစ်ကိုတွေ အခုလို ပြန်ချင်ခဲ့ပေမဲ့ အဲ့ဒီကျွန်းပေါ်မှာ ကျွန်တော့် မျက်စိအောက်တင် သေခဲ့ရတယ်၊ အဲ့ဒီအချိန်ထဲက မြန်မာပြည်ရောက်ဖို့ ကျွန်တော့် အိပ်မက်ကို စွန့်လွှတ်ခဲ့ပြီး ဖြစ်ပါတယ်၊ ကျွန်တော် အခုလို မြန်မာပြည်ကို ပြန်ရောက်နိုင်လိမ့်မယ်လို့ တွေးတောင် မတွေးမိခဲ့ပါဘူးခင်ဗျာ”

                          ဤသို့ ကမ္ဘောဇဘဏ်လီမိတက်သည် မြန်မာရေလုပ်သားဒုက္ခသည်များအား ပြန်လည် ခေါ်ဆောင်ရာတွင် လေယာဉ်စရိတ် အကုန်ကျခံခဲ့ယုံမျှမက၊ ကမ္ဘောဇဘဏ်လီမိတက်မှ တာဝန်ရှိသူများသည် အင်ဒိုနီးရှားနိုင်ငံ ဘန်ဂျီနာကျွန်းအထိ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခဲ့ပြီး မြန်မာဒုက္ခသည်များ မြန်မာပြည်သို့ ချောမောစွာ ပြန်လည်ရောက်နိုင်ရန် လိုအပ်သည်များအား ဆောင်ရွက်ခဲ့ပြီး၊ မြန်မာပြည်သို့ ပြန်ရောက်ချိန် တွင်လည်း လတ်တလော လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် ရေလုပ်သားတစ်ဦးလျှင် ငွေကျပ် ငါးသောင်းစီကိုပါ ပေးအပ်ခဲ့သည်။

အဆိုပါ ရေလုပ်သားများသည် အေးဂျင့်၏အစီအစဉ်ဖြင့် အလုပ်လုပ်ကိုင်ရန် မြန်မာပြည်နယ်စပ် များမှတဆင့် အောက်လမ်းခရီးဖြင့် သွားရောက်ခဲ့ကြပြီး၊ ထိုင်းနိုင်ငံတွင် အေးဂျင့်စရိတ်စကများ အကြေပေးချေ နိုင်စေရန် အကြောင်းပြချက်ဖြင့် အင်ဒိုနီးရှားနိုင်ငံ၌ ၀င်ငွေပိုကောင်းသည့် အလုပ်အကိုင်ရရှိ ရမည်ဟူသည့် မက်လုံးအား ယုံကြည်လျှက် အင်ဒိုနီးရှားနိုင်ငံရှိ ငါးဖမ်းစက်လှေများသို့ အစုအပြုံလိုက် ကျွန်များအဖြစ် ရောင်းစားခံခဲ့ရခြင်း ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံရှိ ကျွန်းငယ်များတွင် ၄င်းတို့အား အကျယ်ချုပ်နေထိုင်စေလျှက် ငါးဖမ်းစက်လှေများပေါ်တွင် ပင်ပမ်းဆင်းရဲစွာ အလုပ်လုပ်ကိုင်ခဲ့ရသည်။ ထို့ပြင် ပြင်းထန်စွာနှိပ်စက်မှု ခံခဲ့ရကာ လူမဆန်သောဆက်ဆံမှုများနှင့်အတူ အလုပ်ကြမ်းများ ပင်ပမ်းခက်ခဲစွာ လုပ်ကိုင်ခဲ့ရသောကြောင့် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်ခံစားမှုများရှိခဲ့ရသည်။ ရောင်းစားခံခဲ့ရသော ရေလုပ်သား အများစုမှာ အေးဂျင့်များ၏မက်လုံးပေးမှုဖြင့် တရားမ၀င် နယ်စပ်များမှတဆင့် အလုပ်လုပ်ကိုင်ရန် မြန်မာနိုင်ငံမှ ထွက်ခွာသွားကြသူများ ဖြစ်သည်။

      ဒုက္ခသည်အများစုသည် မြစ်ဝကျွန်းပေါ်ဒေသနှင့် ကမ်းရိုးတမ်းဒေသများဖြစ်သော ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ တနသာင်္ရီတိုင်း၊ ရခိုင်ပြည်နယ်တို့မှသာမက ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်တို့၌ နေထိုင်ကြသူများ ဖြစ်ကြသည်။

     အသက်ရှင်သန်နေသမျှကာလပတ်လုံး  မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိရန် အခွင့်အရေးရ တော့မည်မဟုတ်ဟု ထင်မှတ်ထားခဲ့သည့် အင်ဒိုနီးရှားရောက် မြန်မာဒုက္ခသည်များသည် ယခုကဲ့သို့  မြန်မာနိုင်ငံတော်အစိုးရ၊ အစိုးရဘက်ဆိုင်ရာဋ္ဌာနများ၊ အဖွဲ့အစည်းများနှင့်အတူ အထူးသဖြင့် ကမ္ဘာဇဘဏ် လီမိတက်၏ လူသားခြင်းစာနာသည့် မွန်မြတ်သည့် ကူညီစောင့်ရှောက်မှုများကြောင့် အမိမြန်မာနိုင်ငံသို့ ပြန်လည်ခြေချခွင့် ရခဲ့သည့်အတွက် အထူးပင် ၀မ်းမြောက်ဝမ်းသာ ကျေးဇူးတင်ရှိလျှက် ရှိကြ၏။

                   ကမ္ဘောဇဘဏ်လီမိတက်သည် (၁၅)ကြိမ်တိုင်တိုင် ပြည်ပ၌ ဒုက္ခရောက်နေသည့် မြန်မာနိုင်ငံသား များအား စင်းလုံးငှားလေယာဉ်များဖြင့် အကုန်အကျခံ ပြန်လည်ခေါ်ဆောင်ပေးခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် မလေးရှားရောက် လူမှုရေးပဋိပက္ခအခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် မြန်မာလုပ်သား (၃၀၀၀) ကျော်အား အမေရိကန်ဒေါ်လာ(၅)သိန်း(၅)သောင်း အကုန်အကျခံ၍ (၁၁)ကြိမ်တိုင်တိုင် စင်းလုံးငှား လေယာဉ်ဖြင့် အမိမြန်မာနိုင်ငံသို့ အခမဲ့ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့ပါသည်။ ထို့အပြင် အိန္ဒိယနိုင်ငံ Port Blair တွင်အခြေအနေအရပ်ရပ်ကြောင့် ရောက်ရှိနေသော ဒုက္ခသည် မြန်မာရေလုပ်သားစုစုပေါင်း (၂၇၃) ဦးအားလည်း စင်းလုံးငှားလေယာဉ်များဖြင့် အမိမြန်မာပြည်သို့ ပြန်လည် ခေါ်ဆောင်ပေးနိုင်ခဲ့ပါသည်။

ကမ္ဘောဇအုပ်စု ကမ္ဘောဇဘဏ်လီမိတက်အနေဖြင့် "သဒ္ဓါထက်သန်မြန်မာ့အားမာန် ကမ္ဘောဇဘဏ်" ဟု ဆိုသည့်အတိုင်း ပြည်ပနိုင်ငံရောက်တွင် ဒုက္ခရောက်နေကြသော မြန်မာလူမျိုးများ အိမ်ပြန်ခရီးအတွက် အချိန်မရွေး အကူအညီများ ပေးအပ်သွားရန်လည်း အဆင်သင့်ရှိနေပါသည်။

နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် ပြင်ပအဖွဲ့အစည်းအသီးသီးမှ လူမှုစောင့်ရှောက်ရေးလုပ်ငန်းများ ကို ဆောင်ရွက်လာချိန်တွင်၊ ကမ္ဘောဇဘဏ်လီမိတက်မှလည်း နိုင်ငံသားပီသစွာဖြင့် နိုင်ငံအတွက်များစွာ အထောက်အပံ့ဖြစ်စေမည့် လူမှုရေးဆောင်ရွက်မှုအ၀၀ကို အင်တိုက်အားတိုက် ဆောင်ရွက်လျှက်ရှိပါသည်။

 

Go to top